မန်ချက်စတာယူနိုက်တက်အသင်း၏ ၂၀၁၈/၂၀၁၉ ရာသီမှ အငှားကစားသမားအချို့ကို သုံးသပ်ခြင်း

ယူနိုက်တက်ပရိသတ်တွေအတွက် အပြည့်အဝစိတ်ကျေနပ်မှုမရစေခဲ့တဲ့ ရာသီတစ်ခုကတော့ ပြီးဆုံးသွားလို့ နွေရာသီ အပြောင်းအရွှေ့ကာလထဲကို ရောက်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အနေနဲ့ အငှားချခဲ့တဲ့ လူငယ်ကစားသမားများစွာရှိခဲ့ပြီးတော့ အဲ့ဒီထဲက ဘယ်သူတွေကများ အနာဂတ်မှာ ယူနိုက်တက်အသင်းအတွက် အကောင်းမွန်ဆုံး ပြန်လည်အကျိုးပြုနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
ဒါကြောင့် ပြီးခဲ့တဲ့နှစ်က အငှားသွားကစားခဲ့တဲ့ လူငယ်ကစားသမားများထဲမှ အချို့ရဲ့ခြေစွမ်းတွေကို up to date mutd news page ရဲ့ ယူနိုက်တက်ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။

🔴Axel Tuanzebe

အသက် ၂၁ နှစ် အရွယ် စွယ်စုံရနောက်တန်းကစားသမားတစ်ဦးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ အောင်မြင်ခဲ့တဲ့ရာသီတစ်ခုလို့ ပြောနိုင်ပါတယ်။ အက်စတွန်ဗီလာအသင်းကို အငှားသွားကစားခဲ့ပြီးတော့ ဗီလာအသင်းရဲ့ ပရီးမီးယားလိဂ်တန်းတက်ခွင့်တိုက်ပွဲမှာ တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံး ပါဝင်ပတ်သတ်ခွင့်ရခဲ့ပါတယ်။

မကြာသေးမီကပဲ ယူနိုက်တက်အသင်းရဲ့ လက်ရှိမန်နေဂျာ ဆိုးလ်ရှားကလည်း သူ့ရဲ့ခြေစွမ်းကို ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစွမ်းပွဲတွေမှာ ကြည့်ရဖို့ မစောင့်နိုင်တော့ဘူးလို့ပြောကာ ချီးကျူးမှုပြုလုပ်ထားပါသေးတယ်။
ဖီးလ်ဂျုံး၊ စမောလင်းတို့တစ်သိုက်ကို သဘောမကျဖြစ်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက်လည်း လာမယ့်ရာသီမှာ သူ့ရဲ့ခြေစွမ်းကို စောင့်ကြည့်ချင်နေမှာဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့အတူ ဘယ်လောက်ထိ ထွန်းတောက်လာနိုင်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုရမှာပါပဲ။
Rating: 8/10

🔴Dean Henderson

သူကလည်း Tuanzebe လိုပဲ အောင်မြင်မှုရှိတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်တန်းတက်ခွင့်ရရှိခဲ့ပြီးတော့ အသင်းအတွက် ၄၆ ပွဲထိ ပွဲထွက်ကစားပေးခဲ့ကာ ၂၁ ပွဲတိတိ clean sheets ရယူနိုင်ခဲ့ပါတယ်။
ရှက်ဖီးလ်အသင်းဟာလည်း သူ့ရဲ့အကူအညီနဲ့အတူ ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ ပေးဂိုးအနည်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။

ရှက်ဖီးလ်အသင်းဟာ Henderson ကို နောက်ရာသီအတွက် အငှားအနေနဲ့ ဆက်လက်ခေါ်ယူဖို့ကြိုးစားနေပြီးတော့ ယူနိုက်တက်အသင်းအနေနဲ့လည်း အဆိုပါ အသက် ၂၂ နှစ်အရွယ် လူငယ်ဂိုးသမားလေးကို နောက်တစ်ရာသီ အငှားဆက်ချဖွယ်ရှိနေပါတယ်။
Rating: 9/10

🔴Timothy Fosu-Mensah

ဖူဆိုမန်ဆာရဲ့ ဒုတိယအကြိမ်မြောက် အငှားထွက်ကစားတဲ့ ရာသီလည်းဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်အသင်းကို အငှားထွက်ကစားခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ ဖူလ်ဟမ်အသင်းကို အငှားအနေနဲ့ ဆက်လက်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖူလ်ဟမ်အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ကျန်ရှိနေအောင် ကူညီစွမ်းဆောင်နိုင်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။
သူ့ရဲ့လက်ရှိ ဒူးဒဏ်ရာကို သေချာဂရုတစိုက် အရှင်းပျောက်ကင်းအောင် ပြုလုပ်ပြီးတော့ နောက်နှစ် ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူတစ်နေရာအတွက် တိုက်ပွဲဝင်နိုင်မလား၊ အငှားအနေနဲ့ပဲ ပြန်ထွက်ခွာသွားရမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
Rating: 5/10

🔴Joel Pereira

ယူနိုက်တက်အသင်းရဲ့ လူငယ်ဂိုးသမားနောက်တစ်ယောက်ဖြစ်ပြီးတော့ အငှားထွက်ခြင်းနဲ့ ယဉ်ပါးနေတဲ့ ကစားသမားလေးတစ်ယောက်လို့တောင် ပြောနိုင်ပါတယ်။
သူ့ရဲ့ ယူနိုက်တက်မှာရှိခဲ့တဲ့ သက်တမ်းတစ်လျှောက် ၄ ကြိမ်ထိ အငှားထွက်ကစားခဲ့ရပြီးတော့ ပြီးခဲ့တဲ့ရာသီကလည်း သူ့အတွက်တော့ အောင်မြင်ခဲ့တဲ့ ရာသီတစ်ခုလို့တော့ ပြောလို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ရာသီအစမှာ ပေါ်တူဂီကလပ် Vitória de Setúbal အသင်းကို အငှားချခံခဲ့ရပြီးတော့ ၉ ပွဲကစားပေးခဲ့ကာ သွင်းဂိုး ၁၂ ဂိုးထိ ခွင့်ပြုပေးခဲ့ရပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ဘယ်ဂျီယံကလပ် Kortrijk အသင်းကို အငှားထွက်ကစားခဲ့ပြီး ကစားခွင့်အများအပြား မရရှိခဲ့ပါဘူး။
၂၀၁၈/၂၀၁၉ ရာသီတစ်ခုလုံးမှာ စုစုပေါင်း ၁၃ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။
အသင်းနဲ့ ၂ နှစ် စာချုပ်လက်ကျန်ရှိသေးတဲ့အတွက် နောက်ရာသီမှာလည်း ယူနိုက်တက်အနေနဲ့ အဆိုပါဂိုးသမားကို ဆက်လက်အငှားချဖို့ပဲ များပါတယ်။
Rating: 4/10

🔴James Wilson

မကြာသေးမီအချိန်ကပဲ ယူနိုက်တက်အသင်းမှ စာချုပ်ဖျက်သိမ်းခြင်းခံလိုက်ရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေအနေနဲ့တော့ ၂၀၁၄ က သူ့ရဲ့ ပွဲဦးထွက်ဖြစ်တဲ့ ဟူးလ်စီးတီးနဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ပုံရိပ်လေးတွေကိုတော့ သတိရနေဦးမယ်ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်နောက်ပိုင်းထဲက ခြေစွမ်းကောင်းကို မပြသနိုင်တော့ပဲ အငှားအနေနဲ့သာ ထွက်ကစားနေခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီကလည်း Aberdeen အသင်းမှာ အငှားအနေနဲ့ကစားခဲ့ပြီးတော့ ၃ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။
Rating: 2/10

🔴Cameron Borthwick-Jackson

လူးဝစ်ဗန်ဟားလ်ရဲ့ ၂၀၁၅/၂၀၁၆ ရာသီမှာ ဘယ်တောင်ပဲခံစစ်ကစားသမားဖြစ်တဲ့ သူ့ကို ၁၄ ပွဲထိ ကစားခွင့် ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ဝုလ်ဗ်၊ လိဒ်ယူနိုက်တက် အစရှိတဲ့အသင်းတွေကို အငှားချခံခဲ့ရပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့နောက် လိဂ်ဝမ်းအသင်းတစ်သင်းဖြစ်တဲ့ Scunthorpe ကို ဆက်လက်ရောက်ရှိသွားပါတယ်။
အဲ့ဒီအသင်းမှာ ၂၉ ပွဲထိ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်လည်း လိဂ်ဝမ်းနဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းကွာဟမှုကြောင့် နောက်နှစ် ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ သူ့ကို ပြန်မြင်တွေ့ရနိုင်မယ့် အခွင့်အရေးကတော့ များများစားစားမရှိလှပါဘူး။
Rating: 3/10

#MUFP

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်